တောင်တွင်းကြီးမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ် () နာရီအချိန်က တောင်တွင်းကြီးမြို့၊ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ​တိုင်းသံဃာ့နာယက ဥက္ကဋ္ဌ ဦးသုမန ဦးဆောင်ပြီး သံဃာတော် (၁၄၈)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ​မြို့နယ်သံဃာ့နာယက ရွေးချယ်ဖွဲ့စည်းမှုကြီးကြပ်ရေးအဖွဲ့ သဘာပတိဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမာနိတထံမှ သြဝါဒကထာ မြွတ်ကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြပြီး ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ သံဃာ့အဖွဲ့အစည်းမှ အနားယူခြင်း၊ အစားထိုးခြင်းဆိုင်ရာ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရာ ကြွရောက်လာသော ဆရာတော် (၁၄၈) ပါးမှ (၁၄၁) ပါးဆန္ဒပေးသည့်အတွက် အစည်းအဝေးထမြောက်အောင်မြင်ပါကြောင်း သဘာပတိဆရာတော်က ကြေညာပြီး အစားထိုးရွေးချယ်ခြင်းအား ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မြို့နယ်သံဃာ့နာယက ရွေးချယ်ဖွဲ့စည်းမှုကြီးကြပ်ရေးအဖွဲ့ သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒ စကားမြွတ်ကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)