စေတုတ္တရာ ဖေဖော်ဝါရီလ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ကျောင်းသားလူငယ်များအတွင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လိုသည့်စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေး စိတ်ဓာတ်များ ထက်မြက်မှန်ကန်မြင့်မားစေရေးရည်ရွယ်ချက်တို့ဖြင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆောင်ပါးပြိုင်ပွဲစသည့် ပြိုင်ပွဲ ၄ မျိုးကို ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများ၌ ကျောင်းသား၊ကျောင်းသူများသည် စာစီစာကုံးပြိုင်ပွဲတွင် "မျိုးချစ်လူငယ်နှင့် အနာဂတ်မြန်မာပြည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် "မျိုးချစ်လူငယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် "မျိုးချစ်စိတ်အရင်းခံ မြန်မာ့ဇာတိမာန်" ခေါင်းစဉ်ဖြင့်လည်းကောင်း ပန်းချီပြိုင်ပွဲတွင် "ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံးဖော်ဆောင်ပေး"စသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ်ခေါင်းစဉ်အသီးသီးဖြင့် ကျောင်းသား၊ကျောင်းသူ ၇၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)