ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာ ၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြို တင်ကာကွယ်သွားနိုင်ရန် အတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ ငါးခုနှင့် ဆေးရုံနှစ်ခုတို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများကို ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်စောင့်ကြည့် ရေးစင်တာများနှင့် ဆေးရုံနှစ်ခုတို့အတွက် ညနေစာအာဟာရ ထမင်း(၃၇၅)ဘူးကို အ.ထ.က(ထန်းတပင်) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာမှ တာဝန်ရှိသူများထံသို့ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာ များနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို မြို့နယ်ပြည်သူ့ဆေးရုံ၊ တက်သစ် တိုက်နယ်ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် အ.ထ.က(ထန်းတပင်)၊ အ.ထ.က(ခွဲ) အုတ်ဖို၊ အ.ထ.က (ခွဲ)အတွင်း ရေကျော်နှင့် အ.လ.က(ခွဲ)ရွာသစ် အခြေခံပညာ ကျောင်းစင်တာ လေးခုတို့တွင် ထားရှိကြောင်းလည်း သိရသည်။
လှူဒါန်းမှုများကို ဒီဇင်ဘာလ(၃)ရက်နေ့ ညနေစာအတွက် အာဟာရထမင်းများကို စင်တာငါးခုနှင့် ဆေးရုံနှစ်ခုတို့ရှိ အသွားအလာကန့်သတ်ထားရှိသူများနှင့် စေတနာ့ဝန်ထမ်းများအတွက် လှူဒါန်း ပေးခြင်းဖြစ်ကြောင်း သိရပြီး လှူဒါန်းမှုများ ဆောင်ရွက်ရာတွင်လည်း အ.ထ.က(ထန်းတပင်) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာမှ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်နှင့် တာဝန်ရှိသူများထံသို့ ကိုဗစ်-၁၉ ကူညီထောက်ပံ့ရေးအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများက အာဟာရထမင်းဘူးများကို ပေးအပ်လှူဒါန်းပေးခဲ့ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)