ဖာပွန် ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်းကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန့်နံနက်(၉)နာရီအချိန်က ဖာပွန်မြို့၊ အနောက်ဘက်ကမ်းကျေးရွာ၌ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်း လျော့ချနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာအေးနှင့် ဝန်ထမ်းများက အနောက်ဘက်ကမ်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သူ(၆၀)ဦးကို ငွေကျပ် (၂၄.၆)သန်း အားလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သူ(၄၅)ဦးကိုငွေကျပ် (၁၅.၂)သန်းအား လည်းကောင်း၊ အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်သူ(၃၈)ဦးကို ငွေကျပ်(၁၄.၈)သန်းအား လည်းကောင်း ထုတ်ချေးထားမှုကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါ ချေးငွေဖြင့်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းများ အောင်မြင် လျက်ရှိကြောင်း သိရသည်။
အနောက်ဘက်ကမ်းကျေးရွာတွင် အဆိုပါမြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ ချေးငွေထုတ်ချေးပေး သည့်အကြိမ်(၇)ကြိမ် ရှိပြီဖြစ်ပြီး အသင်းဝင်ဦးရေ (၁၄၃)ဦးအား ငွေကျပ်(၅၄.၆)သန်း ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ အောင်မျိုးလွင်(ပြန်/ဆက်)