မုံရွာ ဖေဖော်ဝါရီ ၆
၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ “ရွှေပြည်စိုး” (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ကျောင်းဆောင်သစ်ရှေ့တွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလွင်တို့က ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ရွှေပြည်စိုး”(၂)ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “ရွှေပြည်စိုး”(၂) ထပ်ကျောင်းဆောင်သစ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ “ရွှေပြည်စိုး”(၂)ထပ်ကျောင်းဆောင်သစ်နှင့် အိုးဘိုတောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရှိ “မဟော်သဓာ” (၂)ထပ်ကျောင်းဆောင်သစ်များအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံ၏အနာဂတ်အား ပုံဖော်ပေးမည့် မျိုးဆက်သစ်လူငယ်များအတွက် အထူးအရေးကြီးသည့် နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း၊ လူငယ်များအတွက် ပြည်ထောင်စုနေ့သည် အတိတ်ကသင်ခန်းစာများအား တွေးတောဆင်ခြင်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအား ဖော်ဆောင်ပေးရေးသည် လူငယ်များ၏အခန်းကဏ္ဍဖြစ်ပါကြောင်း၊ အဆိုပါအချက်များကြောင့် လူငယ်များအား ပြုစုပျိုးထောင်ပေးနေသည့် စာသင်ကျောင်းများသည် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ ကျောင်းတစ်ကျောင်းဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူ၊ မိဘ၊ ရပ်ရွာ၊ နိုင်ငံတော်အစိုးရနှင့် ဘာသာရေး၊ လူမှုရေး၊ အသင်းအဖွဲ့အသီးသီးတို့၏မျှော်လင့်ချက်၊ ရည်မှန်းချက်တို့များစွာထားရှိသည့် နေရာတစ်ခုလည်း ဖြစ်ပါကြောင်း၊ ကလေးများ၏အနာဂတ် ပိုမိုတောက်ပရေးအား လိုလားအားပေးသူအားလုံးမှ ယနေ့လွှဲပြောင်းပေးအပ်သည့် ကျောင်းဆောင်သစ်များ အပါအဝင် အခြေခံပညာကျောင်းများတွင်ရှိသည့် ကျောင်းဆောင်များ၊ အခြေခံအဆောက်အအုံများ၊ သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများအား မပျက်စီး ရအောင်နှင့် ရေရှည်တည်တံ့အသုံးပြုနိုင်အောင် အတူအကွ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးပညာရေးမှူးက ကျောင်းဆောင်သစ်များ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းဆောင်သစ်များအား တာဝန်ယူ တည်ဆောက်ခဲ့သည့် ကုမ္ပဏီများမှတာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ကျောင်းဆောင်သစ်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ကြသည်။
ထို့နောက်သက်ဆိုင်ရာကျောင်းများမှ ကျောင်းကော်မတီဝင်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ ကျောင်းဆောင်သစ်တည်ဆောက်ရေး တာဝန်ခံများမှ ကျောင်းဆောင်သစ်များဖွင့်ပွဲ အထိမ်းအမှတ်အလံများအား ပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်း(ခွဲ)ရှိ “မဟော်သဓာ”(၂)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေး၏အဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလွင်တို့က ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည် ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “မဟော်သဓာ”(၂)ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ဖွင့်ပွဲများတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာ/ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက “မဟော်သဓာ”(၂) ထပ်ကျောင်းဆောင်သစ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသားမိဘများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း “ရွှေပြည်စိုး” (၂)ထပ်ကျောင်းဆောင်သစ်သည် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ RCC ၂ ထပ် ကျောင်းဆောင်သစ်ဖြစ်ပြီး အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ “မဟော်သဓာ”(၂)ထပ် ကျောင်းဆောင်သစ်သည် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ RCC ၂ ထပ် ကျောင်းဆောင်သစ်များဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)