နတ်မောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘိုမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင်စိုးက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အထက်တန်းအဆင့် ကျောင်းသား/သူများက “ပေါင်းစည်းချစ်ကြည် လက်တွဲညီ ပြည်ထောင်စုရဲ့ ပန်းတိုင်ဆီ၊ လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်၊ လူငယ်နှင့် စာဖတ်ခြင်း၊ တို့ပြည်ထောင်စုတိုင်းရင်းသားများ ညီညွတ်စွမ်းအား ပြည့်ခွန်အား”စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများကို ၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှဝင်း