နတ်မောက် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်းလင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ယမန်နေ့ နေ့လယ်ပိုင်းက အောင်ဆန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးကဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် ပွဲရုံများသို့ မီးဘေးကာကွယ်ရေးပစ္စည်းများ အဆင်သင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ထားရှိခြင်းမရှိရန်၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ပြည်သူများကိုယ်တိုင် မီးငြှိမ်းသတ်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်စသည့်တို့ကို အကြံပြုပြောကြားခဲ့ပြီး ရပ်ကွက်အတွင်းရှိ နေအိမ်နှင့် ပွဲရုံများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်၊ လှေကား၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း