စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအေဝးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် ခရိုင်ပညာရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကာလသည် စာမေးပွဲရာသီသို့ရောက်ရှိလာပြီး မကြာမီတွင် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအနေဖြင့် နှစ်ဆုံးစာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများအား ဖြေဆိုရတော့မည်ဖြစ်ပါကြောင်း၊ အဆိုပါစာမေးပွဲများအား အောင်မြင်စွာကျင်းပဖြေဆိုနိုင်ရေးနှင့် တက္ကသိုလ်ဝင်သာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ယနေ့အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ နှစ်ဆုံးစာမေးပွဲအား ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အရည်အချင်းရှိစွာဖြင့် အတန်းစဉ်ကူးပြောင်းနိုင်ရန်နှင့် တက္ကသိုလ်စာမေးပွဲ အောင်ချက်မြင့်မားစေရန် ကျန်ရှိသည့်ကာလတွင် အားသွန်ခွန်စိုက် ဖက်မှတ်ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကလေးငယ်များအတွက် အကျိုးရှိစေမည့် နွေရာသီသင်တန်းများအား စဉ်ဆက်မပျက် ဖွင့်လှစ်သင်ကြားသွားကြရန် လိုအပ်ပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင်လည်း ယခုဖွင့်လှစ်နိုင်ခဲ့သည့် ကျောင်းနှင့်ကျောင်းသားဦးရေထက် တိုးချဲ့ဖွင့်လှစ်တက်ရောက်နိုင်ရေးအား ယခုကတည်းကပင် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် ပညာရေးဆိုင်ရာလုပ်ငန်းများ အပါအဝင် မိမိတာဝန်များအား လုပ်ငန်းအားလုံး၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက်တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးက တိုင်းဒေသကြီးအတွင်းမှ ခရိုင်/မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် ပညာရေးမှူးများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် ပညာရေးမှူးတို့မှ မိမိတို့ခရိုင်များအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေး လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု  အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတို့မှ  မိမိတို့ခရိုင်များအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးလုပ်ငန်းများ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်ဆွေးနွေးအကြံပြု တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။              

တိုင်းဒေသကြီး(ပြန်/ဆက်)