ဆိပ်ဖြူမြို့နယ်ရှိ နိုင်ငံစီးပွားအထောက်အကူပြု MSME လုပ်ငန်းဖြစ်သည့် “ဖြိုးကြွယ်” ပျားရည်စမ်းပေါင်မုန့် ထုတ်လုပ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းမှုများ

မေး။  “ဖြိုးကြွယ်”ပျားရည်စမ်းပေါင်မုန့်ထုတ်လုပ်ရေးလုပ်ငန်းကို ဘယ်အချိန်က စတင်လုပ်ကိုင်လာခဲ့တယ်ဆိုတာကို သိပါရစေ။

ဖြေ။  “ဖြိုးကြွယ်”ပျားရည်စမ်းပေါင်မုန့်ထုတ်လုပ်ရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်မှစတင်ပြီ ဒေသခံပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်စွာစားသုံးနိုင်ရန်နှင့် လူတိုင်းနေရာဒေသမရွေး အသင့်စားသုံးနိုင်စေဖို့ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာတော့ ခေတ်မီစက်ပစ္စည်းတွေနဲ့ လုပ်သားအရေအတွက်(၈)ဦးနှင့် ပုံမှန်လည်ပတ်နေပါတယ်။

မေး။  “ဖြိုးကြွယ်”ပျားရည်စမ်းပေါင်မုန့်ထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ မုန့်အမျိုးအစား ဘယ်နှစ်မျိုး လောက်ထုတ်လုပ်ရောင်းချနေပါသလဲ။

ဖြေ။  လက်ရှိအနေနဲ့ကတော့ ပေါင်မုန့်ဆီကြော်နှင့် ပျားရည်စမ်းပေါင်မုန့်ဆိုပြီး အမျိုးအစား (၂) မျိုးထုတ်လုပ်ရောင်းချနေပါတယ်။

မေး။  “ဖြိုးကြွယ်”ပျားရည်စမ်းပေါင်မုန့်ကို စားသုံးသူပြည်သူတွေအနေနဲ့ ဘေးဥပဒ်မရှိအောင် ဘယ်လိုထုတ်လုပ်စီမံဆောင်ရွက်ထားရှိပါသလဲ။

ဖြေ။  ပေါင်မုန့်ကိုစားသုံးသူမိဘပြည်သူများအနေနဲ့ ဘေးဥပဒ်မရှိအောင် ကျန်းမာရေးနှင့် ညီညွှတ်စွာစားသုံးနိုင်ဖို့အတွက် ဓာတုဆိုးဆေးနှင့်ကြာရှည်ခံဆေးတွေကို အသုံးမပြုဘဲ လက်ဆတ် သည့် ဂျုံ၊ သကြားကြက်ဥ၊ ဆား၊ ဆီသန့်၊ ပျားရည်၊ ရေသန့်တို့နှင့် အချိုးကျပါဝင်ရောစပ်ကာ မုန့်ဖုတ်စက်၊ လေဖောင်အိတ်စက်တွေနဲ့ သန့်ရှင်းလက်ဆတ်စွာ ထုတ်လုပ်ရောင်းချပေးပါတယ် ။

မေး။  “ဖြိုးကြွယ်”ပျားရည်စမ်းပေါင်မုန့်လုပ်ငန်းအနေနဲ့ ဘယ်အမျိုးအစားက အများဆုံး ထုတ်လုပ်ရောင်းရသလဲ။ ပြည်တွင်းပြည်ပတင်ပို့ရောင်းချမှုအနေနဲ့ပက်သက်၍လည်းသိလိုပါတယ်။

ဖြေ။  လူကြိုက်အများဆုံးအနေနဲ့ ရောင်းအားအကောင်းဆုံးကတော့ ပျားရည်စမ်းပေါင်မုန့် ဖြစ်ပြီး ပြည်တွင်းရောင်းချနိုင်မှုအနေနဲ့ကတော့ ဆိပ်ဖြူ၊ ချောက်၊ ကျောက်ပန်းတောင်းမြို့တွေထိ လက်လီ၊ လက်ကားရောင်းချပေးလျက်ရှိပါတယ်။ ပြည်ပအနေနဲ့ကတော့ ယခုလက်ရှိမှာ ရောင်းချနိုင်ခြင်းမရှိသေးပေမဲ့ နိုင်ငံတကာအဆင့်မီ ထုတ်ကုန်တစ်ရပ်အနေနဲ့ တင်ပို့ရောင်းချနိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

မေး။  “ဖြိုးကြွယ်” ပေါင်မုန့်လုပ်ငန်းထုတ်လုပ်တဲ့နေရာမှာ တွေ့ရှိရတဲ့ အခက်အခဲတွေကိုလည်း သိလိုပါတယ်။

ဖြေ။ ပေါင်မုန့်လုပ်ငန်းထုတ်လုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေရှိနေတာကြောင့် ကုန်ကြမ်းဈေးနှုန်းမြင့်တက်နေပြီး ဖြန့်ဖြူးမှုအားနည်းနေရပါတယ်။

မေး။  နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့မှုနဲ့ပက်သက်ပြီးတော့လည်းသိလိုပါတယ်။

ဖြေ။  နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံမှုတော့မရှိသေးပါဘူး။ ကျွန်တော်တို့လုပ်ငန်းအနေနဲ့ နိုင်ငံတော်က ချေးငွေရရှိမယ်ဆိုရင်တော့ ထုတ်ကုန်တွေကို လျင်လျင်မြန်မြန် ထုတ်လုပ်နိုင်ပြီး ကိုယ်စားလှယ်တွေကို ပြည့်ပြည့်ဝဝယခုထက်ပိုပြီး လက်လီ၊လက်ကားရောင်းချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိလာနိုင်မှာဘဲဖြစ်ပါတယ်။

မေး။  ယခုလို (MSME) အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းတွေကို လုပ်ကိုင်လိုတဲ့ တက်သစ်စလူငယ်လုပ်ငန်းရှင်တွေကိုလည်း အကြံပြုစကားလေးပြောပေးပါအုံး။

ဖြေ။  အဓိကကတော့ လုပ်ငန်းတွေကို လုပ်ကိုင်လိုတဲ့လူငယ်တွေအနေနဲ့ ကိုယ်လုပ်တဲ့အလုပ်ပေါ် မှာ စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ အရည်အသွေးအပြည့်အဝပေးနိုင်ရမယ်။ နည်းစနစ်မှန်ကန်ရမယ်၊ စေတနာထားရမယ်။ ဒါ့အပြင်လုံ့လဝီရိယနဲ့ စိတ်အားထက်သန်စွာ ကြိုးစားမယ်ဆိုရင် အောင်မြင်မှု ရရှိလာနိုင်မယ်လို့ အကြံပေးတိုက်တွန်းလိုပါတယ်။

ညွှန့်နန္ဒာတင်(ပြန်/ဆက်)