ကျွန်းလှ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြောင်းသီးနှံကို အဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ဆောင်းရာသီမှာ ဖူးစားပြောင်းစိုက်ပျိုးဖို့ ၁၃၃၇ ဧက လျာထားပြီး ၁၃၃၅ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပြောင်းသီးနှံကို မိုးရာသီနဲ့ဆောင်းရာသီမှာ အများဆုံးစိုက်ပျိုးကြပြီး သီးညှပ်၊ သီးထပ်စိုက်ပျိုးကြသလို သီးသန့်လည်းစိုက်ပျိုးကြပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ ဖောငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာ ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းနှင့် ထိုင်ဝမ်ပြောင်းချိုတို့ကို နွေ၊ မိုး၊ ဆောင်းရာသီအလိုက်ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင် စိုက်ပျိုးကြပြီး ဒေသခံ ပြည်သူများ အလုပ်အကိုင်ရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို