ကန့်ဘလူ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူမျိုးသန့်ခြံ၌ တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေတောင်သူလယ်သမားများအတွက် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီပြီး သီးနှံအထွက်နှုန်း ကောင်းမွန်သော မျိုးသန့်မျိုးပွားမျိုးများကို ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးထားသော သီးနှံများသည့် နေကြာ၊ မြေပဲ၊ ပဲစင်းငုံ မျိုးစေ့ထုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ယခုလကုန်ပိုင်းတွင် ရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း ကန့်ဘလူ မျိုးသန့်ခြံ ဦးစီးအရာရှိ ဦးခင်မောင်လင်းက ပြောကြားသည်။
“ကျွန်တော်တို့မျိုးသန့်ခြံမှာ တောင်သူများအတွက် သီးနှံအရည်အသွေးကောင်းမွန်တဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန် မျိုးစေ့ထုတ်သီးနှံများကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က စိုက်ပျိုးထားတဲ့နေကြာ(ရေဆင်း- ၁) ၂၄ ဧက၊ မြေပဲ(ဆင်းပဒေသာ- ၁၁) ဧက ၆၀ တို့ကို ဒီဖေဖော်ဝါရီလကုန်ပိုင်းမှာ ရိတ်သိမ်းတော့မှာဖြစ်ပါတယ်။ မေ/ဇွန်လကစိုက်ပျိုးခဲ့တဲ့ ပဲစင်းငုံ (မုံရွာရွှေဒင်္ဂါး) ဧက ၁၀၀ က တစ်ချို့ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲဖြစ်ပါတယ်။ ဒီသီးနှံတွေကို မျိုးသန့်မျိုးပွားမျိုးအဆင့် ရရှိအောင်ဆောင်ရွက်ပြီးမှ တောင်သူတွေကိုဖြန့်ဖြူးပေးမှာဖြစ်ပါတယ် ” ဟု ဦးခင်မောင်လင်းက ပြောသည်။
အဆိုပါ မျိုးစေ့ထုတ်သီးနှံများကို မျိုစေ့ချကိရိယာဖြင့်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ကန့်ဘလူမျိုးသန့်ခြံမှ တောင်သူများလက်တွေ့နယ်ပယ်တွင် ဒေသနှင့်လိုက်လျောညီထွေရှိသည့် အရည်အသွေးကောင်း သီးနှံမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း၊ နည်းပညာသင်တန်းများ၊ ဆွေးနွေးပွဲများ၊ သရုပ်ပြပွဲများကျင်းပပြီး တောင်သူများကို နည်းပညာပေးခြင်း၊ ဒေသနှင့် ကိုက်ညီပြီး တောင်သူများအတွက် စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံပုံစံများ ရှာဖွေဖော်ထုတ်ကာ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ ဒေသရေမြေနှင့်ကိုက်ညီသော သီးနှံများကိုစိုက်ပျိုးရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ နှစ်စဥ်စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသည်။
ကန့်ဘလူမြို့နယ်အတွင်း စိုက်ပျိုးမြေများသည် မိုးကောင်းသောက်လယ်ယာမြေများဖြစ်၍ ကန့်ဘလူမျိုးသန့်ခြံအနေဖြင့် ယာသီးနှံများကို အဓိကထား၍ မျိုးစေ့ထုတ်လုပ်ငန်းဆောင် ရွက်ခြင်းဖြစ်ပြီး စိုက်ပျိုးထားသောမျိုးများသည် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးခြင်းဖြင့် သီးနှံများအောင်မြင်ဖြစ်ထွန်းကာ မိသားစုဝင်ငွေ တိုးတက်ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် ဆီထွက်သီးနှံများအနက် နေကြာကို သီးထပ်သီးညှပ်အပြင် နေကြာတစ်မျိုးတည်း သီးသန့်အနေဖြင့် မိုးရာသီနှင့်ဆောင်း ရာသီတို့တွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး နေကြာမျိုးစေ့ကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း