လိပ်သို ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီကလိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါနယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့်နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြ စာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ/ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ စာကြည့် တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်