မင်းလှမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနမှကြီးမှူး၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ တိုင်းရင်းသားအားလုံးစည်းလုံးစို့”၊ အလယ်တန်းအဆင့်တွင် “စည်းလုံးခြင်းသည်ခွန်အား ပြည်‌ထောင်စုဖွားညီနောင်များ”၊ မူလတန်းအဆင့်တွင် “ပြည်‌ထောင်စုနေ့ တို့မမေ့”၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်၌ “ငြိမ်းချမ်းစည်ပင် ပြည်‌ထောင်တစ်ခွင် သာယာလှပလူမှု”၊ အလယ်တန်းအဆင့်တွင် ပြည်ထောင်စုအမွေ ကမ္ဘာတည်စေ”၊ အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်ပန်းချီပြိုင်ပွဲတွင် “ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံးဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများသို့ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)