မင်းဘူး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အိမ်ယာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ စကားဝိုင်းတွင် အ.ထ.က(ခွဲ) အိမ်ယာမှ ကျောင်းအုပ်ဆရာကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အိမ်ယာမှ Grade-10 ကျောင်းသား မောင်သူလင်းထွန်းက လူငယ်နှင့်စည်းကမ်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မယမုံဦးက လူငယ်နှင့်မြန်မာ့ယဉ်ကျေးမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မလဝန်းသော်တာနိုင်က Grade-9 ကျောင်းသူ မဖြိုးပြည့်ပြည့်မြတ်မွန်ဆွေက လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မဂျူးဆက်ဟန်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့်သက်ဆိုင်သည့် အသိပညာပေးနံရံကပ်ပြဘုတ်များ၊ စာအုပ်/စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)