မြို့သစ်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြို့သစ် ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကျရောက်ပျက်စီးနိုင်သော လူနေအိမ်(၁၃၀)လုံးအတွက် အမိုးအကာများအားပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့၏ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းထက်က လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျေးရွာများရွေးချယ်မှုနှင့်လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကိုပြောကြား၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုထွေးက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဦးစားပေးအလိုက်ရွေးချယ်ရမည့်အိမ်ခြေများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့သစ်မြို့နယ် ထောက်ရှာတန်းကျေးရွာအုပ်စု၊ အိုင်တိုကျေးရွာနှင့် ဇင်းဗျိုးကျေးရွာတို့မှ အမိုး၊ အကာများပြင်ဆင်ရန်လိုအပ်သော အိမ်ခြေ(၁၃၀)လုံးအား အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ထရံနှင့်လိုအပ်သည်များဝယ်ယူအသုံးပြုရန်အတွက် လူနေအိမ်တစ်လုံးလျှင် ငွေကျပ်
(၆၃,၀၀၀/-) နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၈,၁၉၀,၀၀၀/-(ကျပ်ရှစ်ဆယ့်တစ်သိန်းကိုးသောင်းတိတိ)အား ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)