ပခုက္ကူ ဖေဖော်ဝါရီ ၆
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကောလိပ်ရှိ မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇော်ဇော်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲနှင့် တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇော်ဇော်က “သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ဗလငါးတန်ပြည့်စုံကြွယ်ပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင် ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စုကြီးကို ထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ကိန်းအောင်စေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး အားကစားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၆) ရက်မှ (၁၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ လွန်ဆွဲပွဲ၊ Fitness Dance စသည့် အားကစားပြိုင်ပွဲ (၇) မျိုးတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၅၄) ဦး ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)