မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို  အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၆

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြညိသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး ကျော်စွာမြင့်၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ လူမှုရေးရာရာဝန်ကြီး ဦးစောကြည်နိုင်နှင့် မော်လမြိုင်ပညာဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးတို့က ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို  အားကစားပြိုင်ပွဲများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သန်းက မွန်ပြည်နယ်၏ ပညာရေးဒီဂရီကောလိပ်မှ ဆရာအတတ်ပညာတွေကို သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ အားကစားသမား လူငယ်မောင်မယ်များအနေဖြင့် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများဖြစ်လာစေရေး မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယများဖြင့် ကြိုးပမ်းပါဝင် ယှဉ်ပြိုင်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။ 

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများက Fitness Dance အကဖြင့်လည်းကောင်း၊ မြန်မာ့သိုင်းအဖွဲ့မှ သရုပ်ပြသနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီး မီတာ (၁၀၀)အပြေးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး၍ ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)