စိုက်ဧက(၂၀၀)ကျော်ကို အကျိုးပြုမည့် ကရင်ဖာလင်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်

ဘားအံ ဖေဖော်ဝါရီ ၆

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၀၇ ဒဿမ ၈၅၇ သန်းဖြင့် ရာမညအောင် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော ကရင်ဖာလင် ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်း မုခ်ဦး တည်နေရာ၌ကျင်းပခဲ့သည်။

ကရင်ဖာလင်ကျေးရွာကုန်ထုတ်လမ်းမှာ မိုးရာသီတွင်ရေလွှမ်းမိုးမှုရှိသဖြင့် ထုတ်ကုန်များ အလွယ်တကူသယ် ပို့နိုင်မှုမရှိခြင်းကြောင့် စိုက်ပျိုးတောင်သူများအတွက် ထုတ်ကုန်များ သယ်ယူရာတွင် လျင်မြန်ချောမွေ့စွာသယ်ယူပို့ ဆောင်နိုင်ရန် လမ်းအရှည် ၁ မိုင်နှင့် Box Culvert (၂)စင်းအား လမ်းသားမြှင့်တင်၍အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ စိုက်ဧကပေါင်း ၂၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး  ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ သည်။

ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရရန်ပုံ ငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၂၈)လမ်း၊ လမ်းအရှည် (၂၃)မိုင်(၀ဒဿမ၉)ဖာလုံ၊ ကုန်ထုတ်တံတားနှင့်အခြားလုပ်ငန်း(၆၁)ခု အရှည်ပေပေါင်း ၄၈၅ ပေ၊ ကျေးလက်ရေပေးရေးလုပ်ငန်း (၄၆)ခု၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း(၂)ခု၊ (၂)ခန်းတွဲ ယင်လုံအိမ်သာတည်ဆောက်ခြင်းလုပ်ငန်း(၄၇)ခု၊ စီမံကိန်းလုပ်ငန်းများအနေဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း(၆)ရွာ၊ VDP စီမံကိန်း(၅၃)ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံ ကိန်း(SMART Village)(၂)ရွာနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF)(၃)ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များ မွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုတန်ဖိုးထားကြရန် အကျိုးရှိရှိ အသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းသက်ဆိုင်ရာဌာနများအသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဝင်းနိုင်က ကုန်ထုတ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကုန်ထုတ်လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)