မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၅

မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျိုက်ထီးရိုးစေတီ‌တော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ခရီးသွားဒေသများတွင် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလာပြီဖြစ်သဖြစ် ဘေးကင်းလုံခြုံမှု၊ စွန့်ပစ်အမှိုက်များ ကင်းရှင်းစေရေး၊ ဒေသထွက်အစားအစာများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချမှုနှင့် ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ပေးကြစေလိုကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်စေရေး အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၅ ခုနှစ်တွင် အာဆီယံအများပြည်သူသုံး သန့်စင်ခန်းဆုရရှိခဲ့သော Ocean Super Center အား ဆုချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဝင်များမှ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်‌‌ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

(၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မွန်တိုင်းရင်းသားရိုးရာ ဟင်္သာအကဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ချီးမြှင့်ငွေကျပ် သိန်း (၄၀၀)အား ပေးအပ်ခဲ့မှုအ‌ပေါ် မွန်အမျိုးသားနေ့ ကျင်းပနိုင်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး မွန်တိုင်းရင်းသားရိုးရာ ဟင်္သာအကဖြင့် ကပြဖျော်ဖြေ တင်ဆက်ပေးခဲ့ကြသည့် အနုပညာရှင်များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)