ပုဇွန်တောင် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သမိုင်းဝင်ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် Elite Petrochemical CO.,LTD, Eco Friendly Fuel (EFF Gas) မှ ပံ့ပိုးကူညီမှုဖြင့် ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက် ၇ နာရီအချိန်က ပျော်ပျော်ပါးပါးကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ဌာနဆိုင်ရာအသင်းများ၊ ဆွမ်းလောင်းအသင်းများ၊ ရပ်ကွက်အသင်းများ စုစုပေါင်းအသင်း(၈)သင်းဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်ယှဥ်ပြိုင်ခဲ့ရာ ပထမဆုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းကလည်းကောင်း၊ ဒုတိယဆုကို အမှတ်(၈)ရပ်ကွက် ရေကျော်သားအသင်းကလည်းကောင်း၊ တတိယဆုကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးအသင်းမှလည်းကောင်း ရရှိခဲ့သည်။ ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် Elite Petrochemical CO.,LTD, မှ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး စေတနာရှင်ပြည်သူများကလည်း ထပ်ဆောင်းဆုငွေများ ထပ်မံဆုချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်း ထမနဲထိုးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဝန်ထမ်းများ၊ Elite Petrochemical CO.,LTD, Eco Friendly Fuel (EFF Gas) က တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အသင်းများ၊ လာရောက်ကြည့်ရှုသူ ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး ပြိုင်ပွဲဝင်ထမနဲများအား လာရောက်အားပေးသူများနှင့် ရပ်ကွက်နေပြည်သူများအား ထမနဲစတုဒိသာဒါနပြုခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်