တောင်ငူ ဖေဖော်ဝါရီ ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း/ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် ပဲခူးတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ၊ လုပ်ငန်းအရည်အသွေးကြီးကြပ်ရေးအဖွဲ့များနှင့်အတူ (Class A) အဆင့်လမ်းဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းဟောင်းဖြင့် ချိတ်ဆက်ထားသော မင်းလမ်း-ငါးဖယ်အင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ကံရိုး-ကောင်းမှုတော်လမ်း၏ စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေတိုက်စား၍ ပျက်စီးသွားသော ကျောက်လမ်းပိုင်းအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ကြံတော- ဆူးတပ်- မွေရိုး- ကြို့ကုန်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ကိုကို