ပန်းတောင်း ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား/သူများ စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဖြတ်ထိုးဉာဏ်များကောင်းမွန်လာစေရန်၊ ရဲဝံ့စွာ ရှေ့သို့ထွက်၍ ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၉:၀၀) နာရီအချိန်က ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာအုပ်၊ စာပေများလေ့လာဖတ်ရှုကြရန် အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲများနှင့်ပတ်သက်၍ စည်းမျဥ်းစည်းကမ်းများကိုပြောကြားကာ ပြိုင်ပွဲကျင်းပခဲ့ရာ အ.မ.က(မူလွန်)ဝန်လိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၉)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား/သူများ ပိုမိုထက်မြက်လာစေရန် လစဥ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပြီး စိတ်ပါဝင်စားသော ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း တတ်နိုင်သမျှ ရှာဖွေစုဆောင်း မှတ်သားလေ့လာထားသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)