ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြ

ရွှေတောင် ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦး ဦးဆောင်၍ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူလေးများကို မီးဘေးဆိုင်ရာ အသိပညာများ စိမ့်ဝင်ပြန့်နှံ့စေရေးအတွက် မီးဘေး အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ရွှေတောင်မြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူလေးများအား မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူးဖြင့် ကိုယ်တိုင်လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)