ရွှေတောင် ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့နံနက်ပိုင်းက (ဝါးလည်ကျေးရွာ)အခြေခံပညာမူလတန်းကျောင်းနှင့် (ကြို့ကုန်းကျေးရွာ)အခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ( ဝါးလည်ကျေးရွာ)အခြေခံပညာ မူလတန်းကျောင်းနှင့် ( ကြို့ကုန်းကျေးရွာ) အခြေခံပညာမူလတန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာမကြီးများမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး "မိအေးချက်သည့် ဟင်းတစ်ခွက်" စက္ကူပြဇာတ်နှင့် တန်ဖိုးမဖြတ်နိုင်သောပေါင်မုန့် ပုံပြင်စာအုပ်ကိုပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်ကစားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာများအကြောင်း၊ တားမြစ်ဆိုးဆေးများအကြောင်းရှင်းလင်းဆွေးနွေး ပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကိုဖတ်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)