မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)နှင့် ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်သူများအနေဖြင့် အခြေခံစားကုန်များကို လုံလောက်စွာထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် လျှော့ပေါ့သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေကြမှုအပေါ် အထူးပင်ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန်ပစ္စည်းများအား လာရောက်ဝယ်ယူနေကြမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေဆရာအတတ်သင်သင်တန်းသို့ တက်ရောက်လျက်ရှိကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆန်၊ ဆီ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြားစားသောက်ကုန်များအား ဈေးနှုန်းသက်သာချိုသာစွာ လာရောက်ရောင်းချပေး‌နေမှုအပေါ် အေးချမ်းပျော်ရွှင်စွာဖြင့် ဝယ်ယူနေကြမှုတို့အား ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အခြေခံစားသား‌ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်ကြရန်နှင့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး အခြေခံစားသောက်ကုန်များနှင့် အခြားစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)