မကွေးတိုင်းဒေသကြီးမင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် စက်သုံး ဆီတင် ယာဉ်များမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မင်းဘူး ဒီဇင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် များနှင့် စက်သုံးဆီတင်ယာဉ်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် မီးလောင်မှုမဖြစ်ပွားစေရေးနဲ့ ပြည်သူများ မီဘေးအန္တရာယ်ကင်းဝေးစေဖို့အတွက် ဆီဆိုင်နဲ့ ဆီသယ်ယာဉ်တွေမှာ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေတွေကို စစ်ဆေးခဲ့တာပါ။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေနဲ့ မီးသတ်ဆေးဗူး ထားရှိရမယ့်အတွက်နဲ့ အရည်အသွေးပြည့်မီရေး၊ သက်တမ်းလွန်မီးသတ်ဆေးဘူး များ ရှိ/မရှိ၊ မီးငြှိမ်းသတ်ရေးစနစ်အနေနဲ့ ရေရယူသုံးဆွဲနိုင်ရန် ဂါလံ ၃၀၀၀ ဆံ့ အုတ်ရေ လှောင်ကန်နဲ့ အမြင့်တင်ရေစင်များ တည်ဆောက်ထားရှိမှု ရှိ/မရှိ၊ ဆီသိုလ်လှောင်ကန်များထားရှိ အသုံးပြုပုံစနစ် တွေနဲ့ လျှပ်စစ်မီးသုံးစွဲရာမှာ လုံခြံမှုရှိစေရေး စတာတွေကို လိုက်လံစစ်ဆေးခဲ့တာပါ” ဟု မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းက ပြောသည်။

မြန်မာနိုင်ငံအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ စက်သုံးဆီအရောင်းဆိုင်နှင့် စက်သုံးဆီတင်ယာဉ်များမှ မီးလောင်မှု (၁၅)ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်(၆)လုံးနှင့် ဂိုဒေါင်(၂)လုံး မီးလောင်ခံရ၍ လူ(၂၃)ဦး ဒဏ်ရာရရှိကာ လူ(၂)ဦးနှင့် တိရစ္ဆာန် (၃)ကောင် တို့သေဆုံးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၁၃ ဒဿမ ၃၃ သန်းခန့်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ပေါင်း (၁၉) ဆိုင်ရှိပြီး ယနေ့အထိ ဆီဆိုင် (၁၄)ဆိုင်နှင့် စက်သုံးဆီတင်ယာဉ် (၆)စီးတို့ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး ကျန်ရှိနေသော ဆီဆိုင်များကိုလည်း အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)