အင်းတော် ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းတွင် လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ လျာထားချက် ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးအတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မဲဇာနည်းပညာပေးစင်တာမှ စိုက်ပညာရှင်ဝန်ထမ်းများက ၂၀၂၀ ခုနှစ်၊ ယမန်နေ့က နယ်မြေအတွင်းရှိ တောင်သူ ဦးလင်းအောင်၏ ဆောင်းနေကြာ ရေဆင်း ( ၁ ) စိုက်ပျိုးမှု အခြေအနေအား ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အင်းတော်မြို့နယ်အနေဖြင့် မိုးစပါးရိတ်သိမ်းပြီး လယ်မြေများအတွင်းတွင် လယ်သီးထပ်စိုက်ပျိူးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ လျာထားချက် ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာ နည်းပညာပေးစင်တာနယ်မြေအလိုက် ကြီးကြပ်ဆောက်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံ များကို ဧက ငါးသောင်းကျော် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၀ ခုနှစ်တွင် ဆောင်းသီးနှံ သီးနှံစုံ ဧက ခြောက်သောင်းကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လျာထားချက်ပြည့်မှီစွာစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တောင်သူများ အနေဖြင့် အထွက်တိုး ဆောင်းသီးနှံ မျိုးစေ့များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။
ခန့်ဇော်ပိုင်