ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ် စည်းကမ်းနှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကြပ်မတ်စစ်ဆေးပညာပေး

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်းရှိ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ ရေး လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား ကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အဆင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးပညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြပ်မတ်စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်း ဦးဆောင်၍ ကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် စည်ပင်သာယာ ရေးအဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသည့် လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၊ လမ်းဘေးစျေးဆိုင်များအား ဆိုင်ထိုင်စားသောက် ရောင်းချခြင်းမပြုစေရေး စစ်ဆေးပညာပေးခြင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်၍ ရောင်းချရေး၊ အကာအကွယ် (Mask) နှင့် Face Shield များ တပ်ဆင်ရောင်းချရေး၊ လူစုလူဝေးမဖြစ်စေရေးတို့ကို လိုက်လံ စစ်ဆေးပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)