ဗန်းမောက် ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဗန်းမောက်-ဝန်းသို-ကောလင်းလမ်းပိုင်းပေါ်၌ တည်ရှိသော အောင်သာကုန်း ချောင်းကူးတံတား (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေ၍ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် ကောလင်းမြို့နယ်များသို့ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေး၊ ကျန်း မာရေး၊ ပညာရေး၊ စီးပွားကူးသန်းရောင်းဝယ်ရေးတို့ လွယ်ကူကောင်းမွန်နိုင်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၄၂၁ ဒသမ ၂၅) သန်းဖြင့် ဗန်းမောက်-ဝန်းသို-ကောလင်းလမ်းပေါ်ရှိ ဗန်းမောက်မြို့ အောင်သာကုန်းချောင်းကူး သံကူကွန်ကရစ်ချောင်းကူးတံတားကို ဇန်နဝါရီလ တတိယပတ်မှစတင်၍ တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် (၁၀၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါချောင်းကူးတံတားမှာ သံကူ ကွန်ကရစ် အမျိုးအစား ဖြစ်ပြီး သံကူကွန်ကရစ်ကမ်းကပ်ခုံနှစ်ခု၊ ရေလယ်တိုင်နှစ်တိုင်၊ အရှည် (၁၈၀)ပေ၊ အကျယ်(၂၀)ပေ၊ ရေလယ်အမြင့် (၁၅)ပေရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
အဆိုပါ တံတားဖွင်လှစ်ပါက ဗန်းမောက်မြို့နယ်တွင် မံကပ်ဒေသစိတ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ကျေးရွာပေါင်း(၄၁)ရွာမှ ဒေသခံပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေမည့်အပြင် မြို့နယ်ချင်း ဆက်စပ် လျက်ရှိသည့် ဝန်းသိုမြို့နယ်သို့ အချိန်တိုအတွင်း ကုန်စည်စီးဆင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ကျော်စွာ(ဗန်းမောက်)