ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက Mask Campaign များကို အပတ်စဉ် ရပ်ကွက်များ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် ၁၀၈ ရပ်ကွက် ဦးဖိုးလှိုင်လမ်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါလမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုး အဓိက ကာကွယ်ရမည့် နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင် ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask ကို စနစ်တကျတပ်ဆင်ရေးအတွက် အသိပညာပေးပြောကြားပြီး ဒဏ်ငွေ (၂၀၀) ကျပ်ကို ချလံဖြတ်ကောက်ခံပြီး Mask တစ်ခုပြန်လည်ပေးအပ်ခြင်းများကို ဆောင်ရွက် ပေးခဲ့ကြသည်။ အဆိုပါ Mask Campaign ကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ အပတ်စဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူများထံမှ သိရသည်။
လှလှထွေး (ပြန်/ဆက်)