ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် Quarantine ဝင်ရောက်နေသူများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိ Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ Quarantine Center များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ များမှ သွားရောက် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ ထ(ခွဲ)အလကနှင့် အမက(၃)စ သည့် Quarantine Center (၂)ခုတွင် အသွားအလာစောင့်ကြည့်ခံထားရသူ(၂၄)ဦးနှင့် စေတနာ့ဝန်ထမ်း Volunteer (၁၅)ဦး စုစုပေါင်း(၃၉)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၄)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်ထိ Quarantine Center (၂)ခုတွင် Quarantine ဝင်ရောက်နေသူ (၅၁)ဦး၊ ရောဂါပိုးတွေ့ရှိသူ (၃၆၂)ဦး၊ ရောဂါသက်သာပျောက်ကင်းသူ(၂၂၀)ဦး နှင့် သေဆုံးသူ(၁၀)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)