သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပခဲ့ သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆပ်ကော်မတီ(၁၀)ခုကိုလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ရေကြီး၊ မီးလောင်၊ မိုးခေါင်၊ လေပြင်း၊ ကမ်းပြိုစသည့် သဘာဝနှင့် လူကြောင့်ဟူ၍ ဘေးအန္တရာယ် (၂)မျိုးရှိကြောင်း၊ အထူးသဖြင့် ကမ်းပြိုမှုကြောင့် လူနေအိမ်များ၊ လယ်ယာမြေများ ဆုံးရှုံးမှုများသာမက ကမ်းပြိုမှုကာကွယ် ရေးလုပ်ငန်းစဉ်များသည်လည်း ကုန်ကျစရိတ် အလွန်များပြား ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ယခုအခါ ကျေးရွာအများစု လျှပ်စစ်မီးလင်းနေပြီဖြစ်၍ အဆိုပါကျေးရွာများသို့ လျှပ်စစ်အန္တရာယ် ကင်းရှင်း ရေး အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သဘာဝဘေးအန္တရာယ် ကာကွယ်ခြင်းနှင့်ပတ်သက်၍ နှစ်ရှည်/နှစ် တို စီမံချက်များ ရေးဆွဲ၍ ဦးစားပေးကဏ္ဍအလိုက် ဘတ်ဂျက်ရေးဆွဲထားရန်၊ ရှာဖွေကယ်ဆယ်ရေးအတွက် မြို့နယ်အလိုက် မီးသတ်စခန်း များအတွက် Chain Saw များ ဝယ်ပေးနိုင်ရန်၊ ပွင့်လင်းရာသီ ရောက်လာ ပြီဖြစ်၍ ကျေးလက်သစ်သားတံတား များတွင် မီးတား လမ်းများ ကြိုတင်ဆောင်ရွက်ထားရန်၊ ကိုဗစ်-၁၉ အပါအဝင် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ် ပတ်သက်၍ အသိပညာ ပေးခြင်းများ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်အထိ ဆောင်ရွက်ရန်၊ စစ်တောင်းမြစ်ဝ ကမ်းပြိုကာကွယ် နိုင်ရေး ဒီရေတောများ ပြန်လည် စိုက်ပျိုးသွားရန်တို့အား တင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လ(၃၀)ရက်နေ့အထိ မီးဘေး(၈၆)ကြိမ်၊ ရေဘး(၅၄)ကြိမ်၊ လေဘေး(၁၉၇)ကြိမ်၊ ကမ်းပြိုဘေး(၅၁)ကြိမ်၊ မိုးကြိုးဘေး(၂၇)ကြိမ်၊ အခြားဘေး(၅)ကြိမ်၊ စုစုပေါင်းသဘာဝဘေး (၄၂၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ထောက်ပံ့ငွေ ကျပ်(၃၅၀၆)သိန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ သည်။

တိုင်းဒေသကြီး (ပြန်/ဆက်)