အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ကို ယမန်နေ့ နံနက်(၈)နာရီအချိန်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများသည် အင်းစိန်ဈေး၊ လေဟာပြင်ဈေး၊ ဖော့ကန်ပဒေသာဈေး၊ မြို့သစ်ဈေး၊ ဆယ်မိုင်ကုန်း ဈေးနှင့် အောင်ဆန်းဈေးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာနေကြရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင် ကြဉ်ရန်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စသည် တို့ကို နှိုးဆော်နေသည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)