အင်းစိန် ဖေဖော်ဝါရီ ၁၁
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ စိတ်ကြိုက်ပန်းချီ၊ ကဗျာ၊ ပုံပြင်၊ ဉာဏ်စမ်းပြိုင်ပွဲများနှင့်အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာဒေါက်တာဗိုလ်သံမဏိ (တောင်တွင်းကြီး) က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြောင်းအရာများကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲများသို့ ကျောင်းသား ကျောင်းသူ (၅၂) ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့ဝင်များက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)