နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေ‌ကာ အသိပညာပေးခြင်းများ ခရမ်းမြို့တွင် ဆက်လက်ဆောင်ရွက်

‌ခရမ်း ဒီဇင်ဘာ ၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်က လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများတွင်‌ နေ့စဉ်အရှိန် အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေ(၂၀၀) ပေးဆောင်စေ၍ မှတ်တမ်းရေးသွင်းခြင်း၊ တပ်ဆင်ရန်နှာခေါင်းစည်း Mask များ ထုတ်ပေး ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးရောင်း‌၊ ဈေးဝယ်များအား နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ ရောင်းချရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြရန်တို့အား လက်ကိုင်စပီကာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)