ရန်ကုန် ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ် လေးထောင့် ကန်လမ်းမကြီးပေါ်ရှိ စူပါဝမ်း စျေးဝယ်စင်တာတွင် စျေးလာရောက် ဝယ်ယူကြသူများအား နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face shield) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအပေါ် စျေးလာရောက်ဝယ်ယူသူ ဦးကျော်ခိုင်ကလည်း " ယခုလို ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေတဲ့အချိန်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ အခုလို အသိပညာပေးတာဟာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး ဆောင်ရန် / ရှောင်ရန် အချက်တွေကို ပြည့်ပြည့်စုံစုံ သိရှိခွင့်ရတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ် " ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ ဆောင်ရွက်လျက်ရှိပြီး ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီက အသိပေး နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)