ချောင်းဦး ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခင်မွန်စိုက်ပျိုး နည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ ရန်အောင်မြေရပ်ကွက် တောင်သူဦးစိုးမိုး ကွင်းအမှတ် ၁၉၈၉ တွင် ( KOPIA -DAR-DOA ) ပူးပေါင်းသော DCT-1အလားလာကောင်းသောဂျုံမျိုး ( ၅)မျိုး စမ်းသပ်စိုက်ပျိုးခြင်းကို ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂျုံမျိုးများကို စမ်းသပ်စိုက်ပျိုးရသည့်ရည်ရွယ်ချက်မှာ ဒေသရေမြေရာသီဉတုနှင့်ကိုက်ညီမှု ရှိ / မရှိ သိရှိရန် ၊ ၎င်းဂျုံမျိုးများမှ အထွက်နှုန်းမိတ်ဖက်လက္ခဏာများ ကောင်းမွန်သော မျိုးကောင်းများ ရရှိရန် ၊ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိသောအကောင်းဆုံးမျိုးများရရှိရန် ၊ ဈေးကွက်ဝင်သောဂျုံမျိုးများရရှိရန် နှင့် ဒေသခံတောင်သူများ ဂျုံမျိုးယှဉ်ပြိုင်ကွက်ကိုလေ့လာပြီး ရွေးချယ်စိုက်ပျိုးနိုင်ရန်အတွက် စမ်းသပ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ယခု စမ်းသပ်စိုက်ပျိုးသည့်ဂျုံ ၅ မျိုးမှာ ဇလုပ် ဂျုံဖြူ - ၂ မျိုး၊ 13th HTWYT - 3 ၊ 13th HTWYT -46 ၊ 35th ESWYT - 19 ၊ 35th ESWYT - 50 ဂျုံ မျိုးများဖြစ်ကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က ပြောပြသည်။
ထို့နောက် တောင်သူများအား ဓာတုဆေးများလျော့ချ၍ ကုန်ကျစရိတ်သက်သာပြီး အန္တရာယ် ကင်းရှင်း စေသော သဘာဝပိုးနှင်ဆေး ၊အားဆေး ၊မှိုသတ်ဆေးများ ပြုလုပ်သုံးစွဲရန် ၊ လယ်ယာ ထွက်ကုန်စွန့်ပစ်ပစ္စည်းများ ကို သဘာဝမြေဩဇာ ၊ EM ဘိုကာရှီ ၊ အမြန်သုံး စူပါဘိုကာရှိ ၊ သစ်ရွက်စိမ်းမြေဩဇာများ ပြုလုပ်သုံးစွဲရန် ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေ တာ၀န်ခံ ဦးအောင်ဆွေဦး က ပညာပေးဆွေးနွေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်နည်းစနစ်မှန်ကန်စေရန် ချောင်းဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး၊ မြေ မျိုး ပိုး တာဝန်ခံများ ၊ ခင်မွန် စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံ နှင့် စိုက်ပျိုးပညာပေးအဖွဲ့များ၊ ရန်အောင်မြေရပ်ကွက် ဂျုံစိုက်ပျိုး တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)