လက်ပံတန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် အဆိုပြုလျာထား စာရင်းများ စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး ကျင်းပ

လက်ပံတန်း ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် အဆိုပြုလျာထား စာရင်းများအား စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအ​ဝေးတွင် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးကျော်မင်းက အမှာစကား ပြောကြားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလျာထားစာရင်းများ ရေးဆွဲရာတွင် ယခင်နှစ်ဘဏ္ဍာငွေရရှိမှုကို အခြေခံ၍  ပြည်သူ့ဆန္ဒ၊ ဌာနလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ဦးစားပေး အစီအစဉ်များအရ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ အတည်ပြုချက်ရယူနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ ဦးစီးဌာနများဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအဆိုပြုလျာထား ဆွေးနွေးမှုကို မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ၂၀၁၉-၂၀၂၀၊၂၀၂၀-၂၀၂၁ ဘတ်ဂျက်ရရှိမှု အခြေအနေနှင့်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ရေးဆွဲနိုင်ရေး တင်ပြဆွေးနွေးပြီး တက်ရောက်လာသူများမှလည်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ကြကာ  စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ အဆိုပြုလျာထားချက်များကို အတည်ပြု သတ်မှတ်ခဲ့ကြကြောင်း သိသည်။

ဝင့်နန္ဒာဌေး