စစ်ကိုင်းတိုင်းဒေကြီး ကလေးမြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျား ရောဂါကြောင့်ဝက်များ သေဆုံးရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ကလေး ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း နိုဝင်ဘာလမှစတင်ကာ အာဖရိကဝက်အပြင်း ဖျားရောဂါကြောင့် ဝက်များသေဆုံးရခြင်းနှင့်ပတ်သက်၍  ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁နာရီမိနစ် ၃၀အချိန်ခန့်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကလေးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမှိန်းထန်းဇီးက အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် မြို့နယ်အတွင်း ဝက်များသေဆုံး ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကလေးခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမြင့်ဝင်းက ပြန်လည်ထူထောင်ရေးတွင် လိုအပ်မည့်အကြောင်းအရာများ အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် လိုအပ်သည့် ဆေးဝါးများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များအား အလွယ်တကူးစက်နိုင်ပြီး ကုသရန်နှင့် ကာကွယ်ရန်အတွက် ဆေးဝါးမရှိသည့်အတွက်ကြောင့် ကလေးမြို့နယ်အတွင်း ဝက်မွေးမြူသူများအနေ ဖြင့် မိမိတို့မွေးထားသည့်ဝက်များအား စားကြွင်းစားကျန်များကျွေးမွေးရာတွင် နာရီဝက်ခန့်မီးအပူ ပေးရန်၊ ရာသီဉတုအခြေအနေအရဝက်ခြံများအား ပလတ်စတစ်(သို့)မိုးကာများဖြင့်နွေးထွေးစွာ ကာထားရန်နှင့် ဝက်ခြံများကိုသန့်ရှင်းစွာထားရှိရန်၊ အကယ်၍ဝက်များဖျားနာပြီး အစာမစားပါက ဗီတာမင်များနှင့်ဂျင်းပြုတ်ရေများတိုက်ကျွေးရန်၊ ဝက်များသေဆုံးမှုဖြစ်ပွားပါက ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် မိမိတို့၏ခြံဝင်းအတွင်းသာမြုပ်နှံပေးကြရန် ကလေးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မှိန်းထန်းဇီးက ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိဝက်များကို ချင်းပြည်နယ်မြောက်ပိုင်းမြို့နယ် ငါးမြို့နယ်၊ တမူးခရိုင်၊ ဟုမ္မလင်းခရိုင်တို့အပြင် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အထိတင်ပို့ရောင်းချသည့် အတွက် စီးပွားရေးကိုအထောက်အကူပြုသည့်လုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက် ကလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနအနေဖြင့် အာဖရိကဝက်အပြင်းဖျားရောဂါများထိန်းချုပ်နိုင်ရန်အတွက် လူထုအခြေပြု တိရိစ္ဆာန်ကျန်းမာရေးလုပ်သား(၂၁)ဦးတို့ဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ၊အုပ်စုများ အလိုက် ပိုးသတ်ဆေးဖြန်းခြင်းများကိုကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမီး(ခ) အေးအေးမူနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)