ကြို့ပင်ကောက် ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံပညာအထက်တန်းကျောင်းများသို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအထောက်အကူပြုပစ္စည်း ခြေနင်းလက်ဆေးဘေစင်များ လှူဒါန်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်နေ့နံနက် ၁၀ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားရာ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးတွင် လက်ဆေးခြင်းသည်အဓိကကျသောကာကွယ်မှုဖြစ်ကြောင်း၊ လက်ရှိလူမှုအဖွဲ့အစည်း တွင်စည်း ကမ်းလိုက်နာမှု အားနည်းနေသည်ကိုတွေ့ရှိနေရကြောင်း ဒါကြောင့်ငယ်စဉ်ကတည်းက စည်းကမ်းလိုက်နာ သော အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေဖို့ လူငယ်များစုစည်းရာ အခြေခံပညာ ကျောင်းများမှစ တင်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အထက(ကြို့ပင်ကောက်)၊ အထက (ရွှေပန်းတော)နှင့် အထက(လယ်တီ)ကျောင်းများမှ ကျောင်းအုပ်ကြီးများထံသို့ မြို့နယ်ကြက်ခြေနီ အသင်းမှ ခြေနင်းလက်ဆေးဘေစင်များကို လွှဲပြောင်းပေးအပ်လှူဒါန်းပေးခဲ့သည်။
ဆက်လက်ပြီး အောင်မြင်မြင့်မိုရ်ဆေးရုံ ဆေးဆိုင်ဝန်ထမ်းများမှ မြို့နယ်ကိုဗစ်ကော်မတီသို့ပေးအပ် လှူဒါန်းသော အလှူငွေ တစ်သိန်းကျပ်ကို အောင်မြင်မြင့်မိုရ်ဆေးရုံဆရာဝန်ကြီး ဒေါက်တာညီညီလတ်မှ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ထံသို့ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မြင့်ကအခြေခံပညာကျောင်းများသို့ အခုလိုခြေနင်း လက်ဆေး ဘေစင်များလှူဒါန်းပေးသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအားကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)