တောင်ငူ ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးသည် တာဝန်ရှိသူ များနှင့် အတူ ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နတ်သျှင်နောင်ခန်းမ၌ ကျေးလက်ဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက တောင်ငူမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့်ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထိုသို့ဆွေးနွေးရာ၌ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည့် လိုအပ်လျှက်ရှိသည့် ကျေးရွာများ၌ ကျေးရွာလမ်းများကောင်းမွန်ရေး ၊ ကျေးလက်လမ်းတံတားများ ကောင်းမွန်ရေး ၊ စက်ရေတွင်းများ၊ အဆောက်အဦများ ပြုပြင် ဆောင်ရွက်နိုင်ရေး ၊ လျှပ်စစ်မီးလင်းရေး ဆိုင်ရာများ စသည့်အချက်များကို သက်မှတ်ချက် လျာထားချက်များနှင့်အညီ စံချိန်စံနှုန်းကိုက်ညီမှုရှိစေ ရေးအတွက် ကျေးရွာကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းများအလိုက် တွက်ချက်လျာထားဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမခ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းထံ ဆန်ရိက္ခာအတွက် ဆန်အိတ် (၁၀) အိတ်အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)