သဲကုန်း ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသည့် အတွေးအမြင်ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်သင်းသင်အေးက စိတ်ဓာတ်ကျတတ်တာ ဘာကြောင့်လဲ ခေါင်းစဉ်ဖြင့်လည်းကောင်း (Book Club) အဖွဲ့ဝင် ဦးပြည့်ဖြိုးသွင်က လူငယ်တွေအတွက် လူကြီးများရဲ့တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club) အဖွဲ့ဝင် မောင်ခင်မောင်ထွေးက ဘဝနဲ့အချစ် ခေါင်းစဉ်ဖြင့်လည်းကောင်း တက်ရောက်လာသူများက မိမိတို့ဖတ်ရှုလေ့လာထားသော ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာ၊ ဗဟုသုတတို့ကိုရရှိသည့်အပြင် အချင်းချင်းရင်းနှီးစွာဖြင့် အတွေးအမြင်များဖလှယ်နိုင်ပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)