မင်းလှ ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ တော်ကမံကျေး ရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးဦးအောင်ဇော်နိုင်က ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပြီး လိုအပ်ချက်များကို တင်ပြဆွေးနွေးစေလိုကြောင်း၊ ပြည်သူများက လိုအပ်ချက်များကိုတင်ပြမှသာ လွတ်တော် အတွင်းတင်ပြဆွေးနွေးပြီး ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း အမှန်တကယ် လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြကြစေလိုကြောင်းနှင့် တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက်လုပ်ငန်းများနှင့် လုပ်ဆောင်ပေးနိုင်မှု အခြေအနေများကို ချပြရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများ၏တင်ပြချက်များဖြစ်သော ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန်၊ ချောင်းကူးတံတားအသစ် တည်ဆောက်ပေးရန်၊ ကျေးရွာမီးလင်းရေးဆောင်ရွက်ပေးရန်၊ ကျေးရွာချင်းဆက် ကျောက်ချောလမ်း ခင်းကျင်းပေးရန်၊ ရေနုတ်မြောင်း ပြန်လည်တူးဖော်ပေးရန် အစရှိသော ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကိုတင်ပြရာ ဝန်ကြီးဦး အောင်ဇော်နိုင်က ဖြည့်စွက် ရှင်းလင်း ပြောကြားကာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဗျက်ကြီးအုပ်စု၊ ဗျက်ကြီးလမ်းဝင်စုကျေးရွာဘုန်းတော်ကြီးကျောင်း၌ မွန်းလွဲ ၁ နာရီက ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ပေါက်စ (မင်းလှ)