ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄)ဦး ထပ်မံတွေ့ရှိ

ကန်ကြီးထောင့်   ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် Quarantine Center များ၌ အသွားအလာကန့်သတ်ထားရှိသူ (၅၃)ဦး၏ Swab များအား ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဓာတ်ခွဲဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ယမန်နေ့ နံနက် ၉ နာရီအချိန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (၁၄)ဦးမှာ စာဖြူစု (ကွင်းယား)ကျေးရွာ CBFQ နှင့် ပေပင်လေးကျေးရွာ (အ.လ.က) CBFQ တို့တွင် အသွားအလာ ကန့်သတ်ထားရှိသည့် ရန်ကုန်ပြန်များနှင့် Pathein Case-288နှင့် ထိတွေ့ခဲ့ကြသူများဖြစ်ပြီး ၎င်းပိုးတွေ့လူနာ (၁၄)ဦးအနက် (၁၂)ဦးကို ကန်ကြီးထောင့် (အထက)တွင်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံနှင့် (၂)ဦးကို ကန်ကြီးထောင့်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုများ‌ဆောင်ရွက်ထားရှိပြီး အားလုံး ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဒီဇင်ဘာ ၄ ရက်၊ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိ အတည်ပြုလူနာ စုစုပေါင်း (၅၃)ဦးရှိသည့်အနက် ဆေးရုံဆင်းခွင့်ရရှိသူ (၃၂)ဦးရှိပြီး ဆေးရုံများတွင် ဆေးကုသမှုခံယူနေသည့် အတည်ပြုလူနာ (၂၁)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နန်းထိုက်