လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် အာဖရိက ၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

လိပ်သို   ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် (KKBA) ခရစ်ယာန်လူမှု၀န်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန၏ ပူးပေါင်းမှုဖြင့်   (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် သံတောင်ကြီးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူ ဒေါက်တာချမ်းမြေ့ကျော်က  မိသားစု၀င်ငွေ တစ်ဖက်တစ်လမ်းမှ  တိုးတက်လာစေရန်၊ တစ်ပိုင်တစ်နိုင် ၀က်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လာစေရန်နှင့် ဒေသခံများ  တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် ၀က်များအား အာဖရိက ၀က်အပြင်းဖျားရောဂါမှ  ကြိုတင်ကာကွယ်နိုင်ရေး  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

ဆက်လက်၍ (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာခရစ်ယာန် လူမှုရေးအသင်းမှ အသက်မွေး၀မ်းကျောင်းနှင့် ငွေစုငွေချေးနည်းပြအရာရှိ ဆရာမ ဒေါ်တင့်တင့်မွန် က တစ်ပိုင်တစ်နိုင် ၀က်မွေးမြူခြင်းဖြင့် မိသားစု၀င်ငွေတိုးစေရန်၊ စီမံကိန်းတွင်ပါ၀င်သည့် ကျေးရွာများတွင် လိုအပ်သည့် မွေးမြူရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို  ပေးအပ် သွားမည်ဖြစ်ကြောင်း  စသည့် စီမံကိန်း ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်း ဆွေးနွေး ခဲ့သည်။

(CDN)  နိုင်ငံတကာခရစ်ယာန် လူမှုရေးအသင်းသည် မိသားစု ၀င်ငွေတိုးစေမည့်  တစ်ပိုင် တစ်နိုင် ၀က်မွေးမြူနိုင်ရန် သစ်ခေါင်းကျေးရွာအတွက် ၀က်များကို ဖြန့်ဝေပေးခဲ့ပြီ ဖြစ်ပြီး ၀က်တစ်ကောင်စာအတွက် ၀က်စာအိတ် (၄) အိတ် ၊ ၀က်၀မ်းခြောက် ကာကွယ်ဆေးနှင့်  ၀က်သန်ချဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း  နိုင်ငံတကာ ခရစ်ယာန်လူမှုရေးအသင်း၏ အသက်မွေး၀မ်းကျောင်းနှင့် ငွေစုငွေချေး နည်းပြအရာရှိ ဆရာမ ဒေါ်တင့်တင့်မွန် ထံမှ သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)