တောင်ငူ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ လှူဒါန်းငွေကျပ်သိန်း (၁၅၀) ဖြင့် တည်ဆောက်ပြီးစီးသည့် တောင်ငူမြို့၊ (၁၃) ရပ်ကွက်၊ စျေးလမ်းရှိ “မော်ကွန်းသစ်” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါအဆောက်အအုံရှေ့၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။ ထို့နောက် စာအုပ်စာစောင်နှင့် အလှူငွေများ ပေးအပ်လှူဒါန်းပြီး စာကြည့်တိုက်အတွင်း ခင်းကျင်းထားရှိမှုများအား လှည့်လည်ကြည့်ရှုကာ ကျောင်းသားကျောင်းသူများ၏ ဦးရွှေရိုး၊ ဒေါ်မိုးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ မော်ကွန်းသစ် စာကြည့်တိုက်အဆောက်အအုံသစ်သို့ တောင်ငူမြို့ဒေသခံပြည်သူ အလှူရှင်များဖြစ်သည့် တောင်ငူမြို့နယ်နာရေးကူညီမှုအသင်းမှ စာအုပ်စာစောင်များ၊ ကွန်ပျူတာ (၁) စုံ၊ စားပွဲအရှည် (၁) လုံး၊ စတီးကုလားထိုင် (၁၀) လုံး၊ မီးစက် (၁) လုံးနှင့် အင်ဗာတာ (၁) လုံး၊ ဂုဏ်ထူးရည်ကိုယ်ပိုင်အထက်တန်းကျောင်းမှ TV (၁) လုံး၊ water cooler (၁) လုံး၊ wifi နှင့် ရေခဲသေတ္တာ (၁) လုံး၊ ဦးမျိုးသန့်နှင့်ဇနီးတို့က air cooler (၁) လုံးနှင့် ခေတ်ဆန်းစတီးဆိုင်မှ သတင်းစာဖတ်စင် (၁) စင်တို့ကို အသီးသီးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)