ဘုတလင် ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign)အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထောက်ပံ့ပေးသည့် နှာခေါင်းစည်း (Mask)နှင့် Face Shield များကို ဒီဇင်ဘာလ(၄)ရက်က စတင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၏ လူစည်ကားရာ နေရာများတွင် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင် ထံမှ သိရသည်။
“အခုနောက်ပိုင်းမှာ အိမ်အပြင်ထွက်ရင် နှာခေါင်းစည်း တပ်ဆင်တာ နည်းလာကြတဲ့အတွက် Mask Campaign လုပ်တာပါ။ နှာခေါင်းစည်း(Mask) အခု ၂၀၀၀၀ နှင့် Face Shield အခု ၂၀၀၀ ကို တစ်ပတ် တစ်ကြိမ်၊ နှစ်ပတ် တစ်ကြိမ် အခမဲ့ ဖြန့်ဝေပေးသွားပါမယ်။ ဒီဇင်ဘာလ(၄)ရက်က စပြီး ဘုတလင် မြို့ပေါ်မှာ ယာယီဈေးနဲ့ မုံရွာ-ရေဦးကားလမ်းက ခရီးသွား ပြည်သူတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။ ဘုတလင် မြို့ပေါ်ကတော့ ဖြန့်ဝေတဲ့ အရေအတွက် များပါမယ်။ ဒါ့ပေမယ့် မောင်းထောင်၊ ငပယင်း၊ သခွတ္တနယ်တို့လို ကျေးရွာကြီးတွေက လူစည်ကားရာနေရာတွေမှာလည်း အခမဲ့ ဖြန့်ဝေပေးသွားမယ်”ဟု မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်က ပြောသည်။
နှာခေါင်းစည်း(Mask)နှင့် Face Shield များ အခမဲ့ ဖြန့်ဝေရာတွင် ဘုတလင်မြို့ပေါ် လူစည်ကားရာ နေရာများ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင် ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်း များက အသိပညာပေး ဖြန့်ဝေခဲ့ကြပြီး ကျေးရွာများရှိ လူစည်ကားရာ နေရာများတွင် ကျေးလက်ကျန်းမာ ရေးဌာနခွဲများကတစ်ဆင့် ကျန်းမာရေးဝန်ထမ်းများက ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)