နတ်မောက် ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိကျေးရွာများတွင် တောင်သူများသည် ယခုနှစ် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးမှုကြောင့် မိုးသီနှံများဖြစ်ထွန်းမှု မရှိကြကြောင်းသိရသည်။
မိုးစိုက်သီးနှံများဖြစ်ထွန်းမှုမရှိသဖြင့် မိုးနှောင်းကာလတွင် ဆောင်းသီးနှံများဖြစ်သော နှမ်းလျင် ၊ ချဉ်ပေါင် ၊ ခရမ်းချဉ်၊ ခရမ်း၊ ပြောင်းဖူး၊ မြိတ်စားကြက်သွန်နီများစိုက်ပျိုးနေကြပြီဖြစ်သည်။ မြိတ်စား ကြက်သွန်နီကို မီးဖိုချောင်သီးနှံအဖြစ် စိုက်ပျိုးကြပြီး စိုက်ပျိုးသူ တောင်သူ ဒေါ်ဝင်းဝင်းထွေးက “ ကျမ တို့ စိုက်ပျိုးတဲ့ မြိတ်စားကြက်သွန်နီဥအသေးဟာ ကျင်းဖွဲ့ရေလောင်းပြီး စိုက်ပျိုးရတဲ့ မီးဖိုချောင်သုံးသီးနှံပါ။ ထယ်ရေး ညက်အောင်ထွန်ယက်ပြီးမြေညီညာမှုရှိလာတဲ့အချိန်ကျင်းထဲမှာ ကြက်သွန်နီအသေးစား (ဇော်မွှား) ကိုစိုက်ပျိုး ခဲ့ပါတယ်။ ရေတော့လောင်းပေးရတယ်၊ ဇော်မွှား ကြက်သွန်ပင်တွေက ရက် (၃၀) ခန့်ရှိရင် ဈေးကွက်ကို တင်ပို့လို့ရပါပြီ” ဟု ပြောသည်။
မြိတ်စားကြက်သွန်နီအပင်များကို ဈေးကွက်တွင် ယခုအခါ တစ်ပိဿ ၆၀ဝိ/- မှ ၈၀ဝိ/-အတွင်း ဈေး နှုန်းဖြစ်ပေါ်နေပြီး မြိတ်စားကြက်သွန်ပင်များကို မုန့်ဟင်းခါးတွင်လည်းကောင်း၊ အလှူအတန်းများတွင် ဇီးဖြူသီးနှင့် ရောနှောသုတ်စားရန်တွင်လည်းကောင်း၊ အခြားဟင်းအမယ်များတွင်လည်းကောင်း သုံးစွဲကြ ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)