ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် တော်လန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် တော်လန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ် ခင်ဇာလှိုင်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့် ကျန်းမာရေးခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။ လူငယ်စကားဝိုင်းတွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများ အား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)