ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်းအဖွဲ့ဝင်များ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ည‌နေ (၄) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်များအနေဖြင့်စာဖတ်ခြင်းကို အလေ့အကျင့်ကောင်းတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း၊ စာအုပ်စာပေများဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင်ဦးမြလင်းက စာရေးဆရာ‌ ဒေါက်တာကျော်စိန် ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ထဲမှ လူငယ်နှင့်ပညာ‌ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ညီညီအောင်က “လူငယ်နှင့်‌ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာကိုက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဦးမြလင်းကဦးဆောင်ဆွေးနွေးရာ လူငယ်တို့အဖို့ ပညာရေးသည်အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ရှေးခေတ်အခါမှစ၍လူတို့သည် အစုအသင်းဖွဲ့၍ နေထိုင်လေ့ရှိကြရာသက်ကြီးသူတို့က မိမိတို့အသင်းအဖွဲ့၏ ဓလေ့ထုံးစံ၊ ကျွမ်းကျင်မှုတို့ကို သက်ငယ်သူတို့အား တစ်ဆင့်သင်ကြားပေးခဲ့ကြကြောင်း၊ အသိပညာရှိသူတို့က အသိပညာမရှိသေးသောသူတို့အား ပညာပေးခြင်းမှာ ပညာရေးအခြေခံဖြစ်သည်ဟုဆိုနိုင်ကြောင်း၊ ပညာရေးဟူသည်မှာ စာသင်ကျောင်းတွင် အသက်ငယ်စဉ်ကသင်ကြားခဲ့ရသော ပညာသက်သက်ကြီးမဟုတ်ကြောင်း၊ တစ်စုံတစ်ယောက်သည် မူလတန်းပညာမှအစ တက္ကသိုလ်ပညာအထိ တတ်မြောက်ခဲ့ပြီးဖြစ်သည်ဟုဆိုနိုင်စေကာမူ ထို့သူအဖို့ ပညာစုံပြီဟူမဆိုသာချေ၊ အဘယ်ကြောင့်ဆိုသော် ကျောင်းမှထွက်ပြီးနောက် စာအုပ်များကိုဖတ်ခြင်းအားဖြင့်သော်လည်းကောင်း၊ သဘာဝကိုလေ့လာခြင်းအားဖြင့်သော်လည်းကောင်း၊ အချင်းချင်းပေါင်းသင်းဆက်ဆံရခြင်းအားဖြင့်သော်လည်းကောင်း၊ ပညာကိုဆက်လက်ဆည်းပူးနေရကြောင်း၊ စာသင်ကျောင်း၌ရရှိခဲ့သောပညာကို အခြေခံပြု၍သာလျှင် နောင်ကြီးပြင်းလာသောအခါ ရရှိသောအသိပညာသည် တိုးပွားစုံလင်လာမည်ဖြစ်ကြောင်း၊ မြန်မာလူမျိုးတို့သည်ပညာကို လွန်စွာတန်ဖိုးထားတတ်ကြကြောင်း၊ “ပညာရွှေအိုးလူမခိုး" ဟုလည်း တင်စားပြောဆိုကြကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)